ကြွက်တက်တာကို အမြန်ဆုံး သက်သာစေဖို့
ခံရခက်တဲ့ ဝေဒနာထဲမှာ ကြွက်တက်တာကလဲ တစ်ခုအပါအဝင်ပါ။ အထူးသဖြင့် အားကစားလုပ်ချိန်နဲ့ ရေကူးတဲ့အချိန်တွေမှာ ကြွက်တက်တာ ကြုံရပြီဆိုရင် လှုပ်ရှားမှုတွေ ရပ်တန့်သွားနိုင်သလို နာကျင်မှုကိုလဲ တပြိုင်နက်ထဲ ခံစားရနိုင်ပါတယ်။
လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်တာကြောင့် ကြွက်တက်ခြင်း ခံစားရရင် ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ကြွက်တက်တယ်ဆိုတာ ကြွက်သားတွေ ရုတ်တရက် ပြင်းထန်စွာ နာကျင်ပြီး ဆတ်ခနဲ တောင့်တင်းသွားတာ ကျုံ့သွားတာမျိုးပါ။
ပုံမှန်ထက် လှုပ်ရှားမှု များတဲ့နေ့တွေ၊ တစ်နေကုန် မတ်တပ်ရပ်နေရတဲ့ နေ့ရက်တွေမှာ ကြွက်သားတွေဟာ ကိုက်ခဲတင်းမာလာပြီး တအားနာကျင်ရတဲ့ ခံစားမှုမျိုးဟာ ကြွက်တက်ခြင်းကြောင့် ဖြစ်တဲ့ ဝေဒနာပါပဲ။
ကြွက်တက်ခြင်းက အထူးသဖြင့် အားကစားသမားတွေ၊ အလုပ်ကြမ်းလုပ်ကိုင်သူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အရက်အလွန်အကျွံ သောက်တဲ့သူတွေ၊ အာရုံကြော အားနည်းသူတွေ၊ ချွေးထွက်များပြီး ရေဓာတ် ခမ်းခြောက်နေတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။
တခါတရံမှာ တခြားကျန်းမာရေး ပြဿနာတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။
ခြေသလုံး၊ပေါင်၊လက်၊ဗိုက်၊ ခြေဖဝါး စတဲ့ မထိန်းချုပ်နိုင်တဲ့ ကြွက်သားနေရာတွေမှာ ဖြစ်လေ့ရှိပြီး ခြေသလုံး ကြွက်သားကတော့ ကြွက်တက်တာ အဖြစ်များဆုံး နေရာပါပဲ။
ကြွက်တက်တာကို ချက်ချင်းသက်သာစေဖို့ဆိုရင်
- ကြွက်တက်နေချိန် တောင့်တင်းနေတဲ့ အကြောတွေကို ပြေလျော့အောင် အသာအယာ ဆန့်ပေးတာမျိုး၊
- သွေးလည်ပတ်မှုကောင်းအောင် နှိပ်နယ်ပေးတာမျိုး၊
- ရေနွေးအိတ် ကပ်ပေးတာမျိုးတွေ ပြုလုပ်ပေးခြင်းဖြင့် အမြန် သက်သာနိုင်ပါတယ်။
ကြွက်တက်တာကို သက်သာစေဖို့ဆိုရင် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းလေးတွေလဲ ရှိပါတယ်။
- ကြွက်သားတွေ သန်မာစေဖို့ Calcium ၊ Magnesiumနဲ့ Potassium ဓာတ် ကြွယ်ဝတဲ့ ဖီးကြမ်းငှက်ပျော၊နို့နှင့် နို့ထွက်ပစ္စည်း၊ အရိုးပါဝါးစားနိုင်တဲ့ ငါးသေးသေးလေးတွေ၊ အုန်းရည်၊ ဟင်းနုနွယ်စတဲ့ အစားအသောက်တွေ စားပေးတာ
- သွေးလည်ပတ်မှု ကောင်းစေပြီး ကြွက်သားတွေ သန်မာစေဖို့ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန် လမ်းလျှောက်တာလေးတွေ လုပ်ပေးတာမျိုး၊
- ခန္ဓာကိုယ်မှာ ရေဓာတ် မခမ်းခြောက်စေဖို့ ရေများများ သောက်ပေးတာမျိုး၊
- မအိပ်ခင် ခြေသလုံးတွေကို နှိပ်နယ်ပေးတာမျိုး၊
- အိပ်စက်တဲ့အခါ ခြေထောက်အောက်မှာ ခုစရာ တမျိုးမျိုး ထားပေးတာမျိုးတွေက ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ကြွက်တက်တာက လူတိုင်းမှာ ဖြစ်တတ်ပေမယ့် မကြာခဏဆိုသလို ကြွက်တက်ခြင်း ခံစားနေရမယ်၊ မခံမရပ်နိုင်အောင် နာကျင်ခံစားရလို့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆွေးနွေးကုသသင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)